ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု
ဘတ်ဂျက်များသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၏ ဒီမိုကရေစီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရာ၌ အရေး ပါသည့် ကွင်းဆက်တစ်ခုဖြစ်သည်။
၂၀၁၁ ခုနှစ်အတွင်း အဖွဲ့အစည်းရာပေါင်းများစွာမှ ကိုယ်စားလှယ်များသည် ဘတ်ဂျက် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပူးပေါင်းပါဝင်မှုဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးတစ်ရပ်ကို တန်ဇန်းနီးယား၌ ကျင်းပခဲ့ကြသည်။
ညီလာခံသဘောတူညီချက်တစ်ခုမှာ -
"ပြည်သူ့ဘဏ္ဍာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များအတွင်း ပူးပေါင်းပါဝင်မှုသည် နိုင်ငံသူနိုင်ငံသားတိုင်း၏ အခြေခံ အခွင့်အရေးနှင့် တာဝန်တစ်ရပ်ဖြစ်သည်။" ထို့ပြင် "ပြည်သူ့ဘဏ္ဍာများသည် ပြည်သူတစ်ဦးချင်းစီ၏ ထည့်ဝင်မှုနှင့် အများပိုင် အစိုးရပစ္စည်းများမှ ဖော်ထုတ်ရရှိသည့် ၀င်ငွေများဖြစ်ကြောင်း" ကိုလည်း မီးမောင်းထိုးပြခဲ့ကြသည်။
၎င်းတို့ပြုလုပ်ခဲ့သည့် အခြေခံမူများနှင့် ထုတ်ပြန်ချက်များသည် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုကြေညာစာတမ်းကြီး၏ တစ်စိတ် တစ်ဒေသဖြစ်လာခဲ့သည်။ ယင်း၌"ကျွန်ုပ်တို့မှ ဘတ်ဂျက်များချမှတ်ရန်နှင့် အစိုးရကဏ္ဍတိုင်းရှိ ဘဏ္ဍာရေးလုပ်ငန်းစဉ်များ ပိုမိုပွင့်လင်းမြင်သာလာစေရန်၊ ပူးပေါင်းပါဝင်မှုရှိစေရန်အတွက် အတူတကွလက်တွဲ၍ အားထုတ်ကြိုးပမ်းခဲ့သည်။ လူထုမှ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာ ရေးလုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များနှင့် အကျိုးရလဒ်များကို သိသိသာသာ တိုးတက်ကောင်းမွန် လာစေပြီး လူများ၏ ရှင်သန် နေထိုင်မှုဘ၀များကို ပြောင်းလဲပေးနိုင်ကြောင်း လက်တွေ့ပြသခဲ့သည်။"
မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းမှ "ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိမှသာလျှင် ဒီမိုကရေစီ အောင်မြင်ဖြစ်ထွန်းနိုင်သည်" ဟု ပြောကြားခဲ့သည်။
ပြည်သူ့ငွေကြေးစီမံခန့်ခွဲရာ၌ တာဝန်ယူမှုရှိခြင်းသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးကဏ္ဍ၏ အဓိကသော့ချက်ဖြစ်သည်။ လုပ် ရည်ကိုင်ရည်၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်များ ချမှတ်ခြင်း၊ တိုးတက်မှုအစီရင်ခံစာနှင့် လူထုပညာပေးလုပ်ငန်းများကို တိုင်းတာ အကဲဖြတ်ရန်နှင့် စံသတ်မှတ်ရန်အတွက် အသုံးပြုနိုင်သည့် နည်းလမ်းကိရိယာ အမြောက်အများရှိသည်။ ယင်းတို့၌
• လူထုအသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာရေးလေ့လာဆန်းစစ်ချက်များ(PEFA)
• လူထုအသုံးစရိတ် ပြန်လှန်သုံးသပ်မှုများ (PER) – ကျန်းမာရေး သို့မဟုတ် ပညာရေးကဲ့သို့သော ကဏ္ဍများ
• လူမှုအသုံးစရိတ် ချမှတ်ရေးနည်းလမ်းများ – လူထုလိုအပ်ချက်များမှ အရေးကြီးသည့်ကဏ္ဍများ၌ သုံးစွဲသည့်အသုံးစရိတ်
• ဘဏ္ဍာရေးပွင့်လင်းမှုစစ်တမ်းနှင့် အရအသုံးငွေစာရင်းစစ်ဆေးမှုကဲ့သို့သော ဘဏ္ဍာရေးစစ်တမ်းများ - ပွင့်လင်းမြင်သာမှု ရှိမရှိ အကဲဖြတ်တိုင်းတာခြင်း
• သုတေသနပြုချက်အရ အများပြည်သူသိရှိစေရန် ထုတ်ပြန်ပေးရမည့် အဓိကဘဏ္ဍာရေးစာတမ်းပေါင်း ရှစ်ခုရှိသည်။ အချို့ သော ဘဏ္ဍာရေးစစ်တမ်းများသည် လုပ်ရည်ကိုင်ရည်ကို လေ့လာဆန်းစစ်ရန်အတွက် လူထုလက်လှမ်းမှီနိုင်သည့် သတင်း အချက်အလက်များပေါ် အခြေခံကာ အလွယ်တကူစောင့်ကြည့်ကြီးကြပ်နိုင်သည်။ PEFA နှင့် PER ကဲ့သို့သော စစ်တမ်းများ အတွက်မူ ရှုပ်ထွေးသည့် အကဲဖြတ်နည်းလမ်းကိရိယာများကို အသုံးပြုရသည်။