အခွင့်အရေးဆိုသည်မှာ တစ်စုံတစ်ခုအား လုပ်ဆောင်ရန် (သို့) ပိုင်ဆိုင်ရန် သိက္ခာတရားအရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း ခံစားပိုင်ခွင့်ရှိသည့် အရာအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်သည်။
ထို့ကြောင့် လူအခွင့်အရေးဟူသည် လူသားတိုင်းအတွက်လူ့ဂုဏ်သိက္ခာနှင့် မျှတမှုကို အာမခံနိုင်အောင် ရည်ရွယ်ထားသည့် အခြေခံ စံနှုန်းများအဖြစ် ရိုးရှင်းစွာ အဓိပ္ပာယ် သတ်မှတ်နိုင်သည်။ ယင်းလူ့အခွင့်အရေးများအား မတူကွဲပြား ၊မြောက်မြားလှစွာသော ပဋိဥာဏ်စာချုပ်များ၊ တရားဝင် ကြေညာချက်များဖြင့် ခြုံငုံမိအောင် လုပ်ဆောင်ထားကြသည်။
Spectrumအဖွဲ့အနေဖြင့် ကျွှန်ုပ်တို့၏ လုပ်ငန်းတာဝန်အရ အလွန်အရေးကြီးသည်ဟု စဉ်းစားလက်ခံထားသော အခြေခံမူဘောင်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်းများပင် ဖြစ်သည်။၎င်းတို့သည် ထီးတစ်ချောင်းနှင့် အလားသဏ္ဍာန်တူလှပြီး တရားစီရင်ပိုင်ခွင့်အာဏာအတွင်းရှိ ကုမ္ပဏီအားလုံး၊ အခွင့်အရေးအားလုံးတို့ကို ခြုံငုံကာမိစေသည်။ ၄င်း စည်းမျဉ်းစည်းကမ်းများကို “ကာကွယ်၊လေးစား၊ကုစား” ဆိုသည့် အခြေခံမူဘောင် အဖြစ် သိမြင်ထားကြသည်။
ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းများသည် လူ့အဖွဲ့အစည်းအားလုံးတွင် တစ်မျိုးတစ်ဖုံ တည်ရှိနေကြပြီး မည်သည်အရာက မှားသည် မှန်သည် (သို့) လက်သင့်ခံနိုင်လောက်သော အတိုင်းအတာ ဟုတ်သည် မဟုတ်သည် (သို့) တရားနည်းလမ်းကျသည် မကျသည်ကို သိသာမြင်သာစေသည်။ ၄င်းတို့သည် လူ့အခွင့်အရေးများအတွက် ကျင့်ဝတ်ဆိုင်ရာ အခြေခံပင်ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ “ လူ့အခွင့်အရေးများသည် လူသားအားလုံး၏ မွေးရာပါ အခွင့်အရေးများဖြစ်ပြီး မျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားရောင်အားဖြင့်ဖြစ်စေ၊ ကျားမ သဘာဝအားဖြင့်ဖြစ်စေ၊ နေရပ်ဒေသအရ ဖြစ်စေ၊ နိုင်ငံအရ ဖြစ်စေ၊ ဘာသာစကားအားဖြင့် ဖြစ်စေ၊ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊အခြားအဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်း မရှိဘဲ တူညီလွတ်လပ်စွာ ခံစားပိုင်ခွင့် ရှိသည်။ ၄င်းအခွင့်အရေးများသည် အချင်းချင်း အပြန်အလှန် ဆက်နွယ်၊ အပြန်အလှန်အမီပြု၊ အပြန်အလှန်ခွဲခြားမှု မပြုနိုင်သော အခွင့်အရေးများ ဖြစ်ကြသည်။”
အခြားရှင်းလင်းချက်များကမူ လူ့အခွင့်အရေးအား လူသားအားလုံးနှင့် သက်ဆိုင်သော ဥပဒေဆိုင်ရာ အာမခံချက်များအနေဖြင့် ဖော်ပြထားကြပြီး နိုင်ငံရေး ၊လူမှုရေး၊စီးပွားရေး၊ယဉ်ကျေးမှုနှင့် မြို့ပြဆိုင်ရာ ကဏ္ဍများကို ခြုံငုံကာမိစေသည်။ ၄င်းတို့သည် လွတ်လပ်မှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာတည်းဟူသော လူ့တန်ဖိုးများကို ကာကွယ်ပေးသည်။
လူ့အခွင့်အရေးများသည် လူတစ်ဦးခြင်းစီ၏ မွေးရာပါ အခွင့်အရေးဖြစ်သလို အတိုင်းအတာတစ်ခုအားဖြင့် အစုအဖွဲ့များ၏ အခွင့်အရေးလည်း ဖြစ်သည်ဟု စဉ်းစားနိုင်သည်။ ၄င်းတို့သည် နိုင်ငံတကာ စံနှုန်းများ၊ သတ်မှတ်ချက်များထင်ဟပ်နေရမည်ဖြစ်ပြီး နိုင်ငံများအနေနှင့် ဥပဒေအရ လိုက်နာဆောင်ရွက်ရမည် အရာများဖြစ်သည်။