တိုင်းရင်းသားအခြေပြု ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
Spectrum၏ အယူအဆမှာ ပါဝင်မှုအသားပေး ဖွံ့ဖြိုးရေး ပုံစံများနှင့် ငြိမ်းချမ်းမှု တည်မြဲရေး သာလျှင်ဖြစ်သည်။ သို့သော်လည်း ပကတိအခြေအနေတွင် ထိုအယူအဆသည် ကာလရှည် ပဋိပက္ခများနှင့် များစွာသော တိုင်းရင်းသား လူမျိုးတို့အကြား ရှုပ်ထွေးသော အနေအထားအတွင်း မည်သို့ အဓိပ္ပာယ် သက်ရောက်သနည်းဟု မေးစရာရှိသည်။
လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များနှင့် ထုတ်ပြန်ကြေညာချက်များသည် လူ့ဂုဏ်သိက္ခာ ထိန်းသိမ်းရေးနှင့် နားလည် အသိအမှတ်ပြုရေးအတွက် လိုအပ်သော လုပ်ငန်းစဉ်များ၊ စည်းမျဉ်း ဥပဒေသ များကို ခြုံငုံကာမိစေသည်။ ထို့ကြောင့် လုံလောက်ပြီဟု ယူဆထားပါသလား။ သေချာသည်မှာ ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး တည်မြဲရန် ခက်ခဲနေသော အခြေအနေတစ်ခုတွင် လုံလောက်မှု မရှိဆိုသည့် အဖြေပင်ဖြစ်သည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်အဆင့်များကို ကျော်ဖြတ်ပြီး အရေးပါလိုအပ်သော ငြိမ်းချမ်းရေး ဆွေးနွေးမှု စကားဝိုင်းဆီသို့ တက်လှမ်းရာတွင် ကတိကဝတ်များစွာ လိုအပ်သည်။ ကြားခံကာလတွင်(transition state) စကားဝိုင်းဆွေးနွေးမှု ဖြစ်စဉ်များနှင့် ပတ်သတ်၍ အခြားနိုင်ငံများဆီမှ များစွာ သင်ယူ လေ့လာခဲ့ပြီး ဖြစ်သည်။ ၄င်းစကားဝိုင်းများသည် ဒီမိုကရေစီပုံစံဖြင့် ငြိမ်းချမ်းရေး ရှည်ကြာခိုင်မြဲရန်အတွက် မူဘောင်တစ်ခုကို ချမှတ်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ရသည်။
ပကတိအခြေအနေတွင် ဒီမိုကရေစီအစိုးရ၏ နိုင်ငံရေး ပုံစံများသည် ဖက်ဒရယ်စနစ်ကျင့်သုံးမှု ပုံစံများ၊ အခြေခံမူဘောင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများကို ကိုယ်တွယ်စီမံရမှုများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရပုံစံအမျိုးမျိုးတို့ကို ခြုံငုံမိအောင် လုပ်ဆောင်ထားရသောကြောင့် အလွန်ရှုပ်ထွေးလှသည်။ ၄င်းတို့ကို မည်သည့်အတိုင်းအတာအထိ ဗဟိုချုပ်ကိုင်ထားသင့်သနည်း၊ ဗဟိုချုပ်ကိုင်မှု လျော့ချသင့်သနည်း။ ဖြစ်နိုင်သည့် အဖြေများမှာ အဆုံးမရှိပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်လိုအပ်မှုကို လက်ခံထားသော အုပ်စုအများအပြားရှိသည်။ ဖက်ဒရယ်စနစ်သည် အာဏာပါဝါအား ပြည်နယ်လွှတ်တော်များနှင့် အုပ်ချုပ်ရေး အဖွဲ့များဆီသို့ ခွဲဝေပေးထားသည်။ သို့သော်လည်း မည်သည့်အတိုင်းအတာအထိ ဗဟိုချုပ်ကိုင်မှုကို လျော့ချမည်ဆိုသော ဆုံးဖြတ်မှုကိုမူ များစွာဆွေးနွေးရဦးမည် ဖြစ်သည်။ ကျွန်ုပ်တို့ Spectrumအနေဖြင့် ငြိမ်းချမ်းရေး၊ စီးပွားရေး ပြဿနာများ၊ သယံဇာတ၊ အခွင့်အရေးနှင့် မျှတမှု ပြဿနာရပ်များအတွက် ဆွေးနွေးပွဲ စကားဝိုင်းများကို ကူညီပေးရန် ရည်ရွယ်ထားပြီးဖြစ်သည်။