
တို့ကမ္ဘာမြေတစ်ခွင် သာယာလှပစေဖို့ သဘာဝကို ထိန်းသိမ်းစို့ပြိုင်ပွဲ မှ ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် Gift for Good စီမံချက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
- Details
Child Fund Myanmar အဖွဲ့မှ ပံ့ပိုးပြီး Spectrum အဖွဲ့က ဦးဆောင်ကာ ပညာရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့် ပန်းချီ၊ ကာတွန်း၊ ကဗျာနှင့် စာစီစာကုံးဖိတ်ခေါ်ပြိုင်ပွဲမှ ဆုရရှိသူများအား ဆုပေးအပ်သည့်အခမ်းအနားကို ဧပြီ ၃ ရက် က ထားဝယ်မြို့ရှိ အမှတ် ၁ ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဖိတ်ခေါ်ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အထိကျောင်းသားကျောင်းသူများက ပြိုင်ပွဲဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင်သူများထဲမှ အဆင့်လိုက် ဆုရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲတွင် တနင်္သာရီတိုင်းပညာရေးမှူးဒေါ်မြင့်စိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒေါ်မြင့်စိန်က " ပညာရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းပြီး ကူညီမှသာ ကလေးတွေအသိပညာဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ပညာရေးဖွံ့ဖြိုးဖို့ အတွက် ကျမတို့ ဆရာ၊ ဆရာမတွေအပြင် NGOတွေနဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း အောင်မြင်ခရီးရောက်မှာ ဖြစ်ပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းကလည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ဦးနိုင်ထွန်းက " ကျွန်တော်တို့ဌာနအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရလဲဆိုတာကို ကလေးတွေ သေချာသိအောင် လုပ်ပေးနေတာဖြစ် လို့ အားပေးကူညီပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားစွာဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိခဲ့တဲ့ ကလေးတွေကိုလည်း ဂုဏ်ပြုပါတယ်။ ဒီလိုမျိုးဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ကိုလည်း အကြံပြုပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့နောက် ဆက်လက်၍ Gift for Good စီမံချက်အတွက် ထားဝယ်မြို့နယ်ရှိကျောင်းပေါင်း ၄၇ ကျောင်းအား သင်ထောက်ကူပစ္စည်း များ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းများနှင့် အားကစားပစ္စည်းများကို Spectrum မှ တာဝန်ရှိသူများဖြစ်သော ဒေါ်နော်မေခင်သက်နှင့် ဆရာဆလိုင်းတို့မှ ပေးအပ်လှူဒါန်းခဲ့ကြပြီး တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြပါသည်။
အခမ်းအနားကို တနင်္လာရီတိုင်းဒေသကြီး ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဒေါ်မြင့်စိန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးနိုင်ထွန်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆုရကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။