
မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ၄ ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို Spectrum မှ တာဝန်ယူကျင်းပခဲ့
- Details
အောက်တိုဘာ ၃ ၊ ၂၀၁၉
မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများစုဝေးပြီး Spectrum အဖွဲ့ရုံးခန်းတွင် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် မနက် ၉ နာရီမှ စတင်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် Spectrum အဖွဲ့မှ ဒါရိုက်တာ Mr. David Allan က တက်ရောက်လာသည့် အဖွဲ့များအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ Disability မှတ်ပုံတင်ပြုလုပ်နိုင်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အကြောင်းကို Help Age မှ ဒေါ်မျိုးပပ (Disable project coordinator) က ရှင်းပြရာတွင် “ မသန်စွမ်းသူတွေကို မှတ်ပုံတင်ပြုလုပ်တဲ့ လုပ်ငန်းစဉ်က ဘာလို့ပေါ်လာလဲ ဆိုတော့ သူတို့အတွက် ကဒ်ပြားရှိ ရင် နောက်ပိုင်းအကူအညီပေးဖို့ အစီအစဉ်ရေးဆွဲတဲ့အခါမှာ ဖြစ်ဖြစ်၊ ဥပဒေရေးရာနဲ့ ဘဝမြှင့်တင်ရေးပိုင်းဆိုင်ရာ လုပ်ငန်းလုပ်တဲ့ အခါမှာဖြစ်ဖြစ်၊ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အခြားဝန်ဆောင်မှုတွေမှာဖြစ်ဖြစ် ဒီကဒ်ပြားက အရေးကြီးပါတယ်” ဟု ရှင်းပြခဲ့သည်။ ထို့အပြင် လူထုတစ်ရပ်လုံးကိုလည်း မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို အသိပေးခြင်းဖြင့် မသန်စွမ်းသူများအကြောင်းပိုမိုနားလည်လာစေရန်ကူညီပေးသည်ဟု လည်း ဆက်လက်ရှင်းပြခဲ့သည်။
ထိုအစည်းအဝေးတွင် မသန်စွမ်းသူများအတွက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ၎င်းတို့အဖွဲ့၏ ဆောင်ရွက်ချက်များကို အချင်းချင်းမျှဝေပေးခဲ့သည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းမှုအတွက် သင်တန်းများ ပြုလုပ်ပေးမည့် အစီအစဉ်များကိုလည်း မျှဝေခဲ့ကြသည်။ အစည်းအဝေးသို့ အဖွဲ့အစည်း ၁၄ ဖွဲ့ မှ ၃၁ ဦးတက်ရောက်ခဲ့သည်။