
Spectrum က ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း၂ ခုတွင် ထင်း၊ မီးသွေးအစားထိုးချက်ပြုတ်ရန် LPG မီးဖိုတပ်ဆင်ပေးခဲ့
- Details
ဇူလိုင် ၂၇ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ်ရှိ Maina Catholic Church IDP Camp နှင့် ဇူလိုင် ၃၀ရက် မြစ်ကြီးနား မြို့နယ်အတွင်းရှိ ဂျန်မိုင်ကော့ KBC IDP Camp တို့တွင် ကနဦးစီမံချက်အဖြစ် စခန်းတစ်ခုတွင် LPG ဓါတ်ငွေ့ရည် သုံးမီးဖို၊ ဆလင်ဒါ gas အိုးအပါအဝင် ဆက်စပ်ပစ္စည်း ၂၅ စုံစီ တပ်ဆင်ပေးခဲ့ပြီး စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သြရကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ သင်တန်းပေးခဲ့ပါသည်။
မီးဖိုအသုံးပြုမည့် အိမ်ထောင်စုများအား သင်တန်းပေးရာတွင် Spectrum အဖွဲ့မှ အကြံပေးအရာရှိ ဦးသက်ဇော်ထွေးက LPG ဓါတ်ငွေ့ရည်သုံးမီးဖို အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို ရှင်းလင်းပြသပြီး တင်ဒါအောင်မြင်ခဲ့သည့် သြရကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူများက အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ရန် အသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့ပြသခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ပူးပေါင်းကူညီသည့်အနေဖြင့် LPG ဓါတ်ငွေ့ရည် သုံးမီးဖိုမှ မတော်တဆမှု ဖြစ်ပွားပါက ဖြစ်ပွားစအချိန်တွင် မည်ကဲ့သို့မီးငြိမ်းသတ်ရမည်ကို စစ်ဘေးရှောင်စခန်းများအတွင်း ရှင်းလင်းသင်ပြခဲ့သည်။ ထို့နောက် Spectrum အဖွဲ့မှ မီးသတ်ဆေးဘူးများပေးအပ်ခဲ့သည်။
Spectrum အဖွဲ့မှ အကြံပေးအရာရှိ ဦးသက်ဇော်ထွေးက ‘’ ဒီစီမံကိန်းကနေ စခန်းတစ်ခုကို အိမ်ခြေ ၅၀စီနဲ့ စခန်း ၂ ခုအတွက် အိမ်ခြေ ၁၀၀ ကိုပံ့ပိုးပေးဖို့အစီအစဉ်ရှိပါတယ်၊ အခုကနဦးအစီအစဥ်အနေနဲ့ စခန်းတစ်ခုကို ပျမ်းမျှ ၂၅ လုံးစီ စတင်ပြီးတပ်ဆင် ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ စခန်းတာဝန်ခံတွေကရော စခန်းမှာနေထိုင်သူမိသားစုတွေအကုန်လုံးကလည်း LPG ဓါတ်ငွေ့ရည် သုံးမီးဖိုနဲ့ ချက်ချင်ကြတယ်၊ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း ထင်းကရှာရတာလည်းခက်ခဲလာတဲ့အပြင် ဈေးတွေလည်း ကြီးလာတော့ ပြဿနာကပိုကြီးလာဖို့ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဖြေရှင်းပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို နိုင်ငံတကာကအလှူရှင်အဖွဲ့တွေကိုလည်း ဆက်လက်တင်ပြပေးသွားပါ့မယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် LPG ဓါတ်ငွေ့ရည်သုံးမီးဖိုလက်ခံရရှိခဲ့သည့် မိသားစုများကလည်း Spectrum အဖွဲ့က gas မီးဖို ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကြောင်းပြောကြားခဲ့သည်။ ဂျန်မိုင်ကော့ KBC စစ်ဘေးရှောင်စခန်း မှ LPG ဓါတ်ငွေ့ရည်သုံးမီးဖို ရရှိခဲ့သည့် ဒေါ်ဂျာရုံ ကလည်း “ အရင်ကတော့ LPG ဓါတ်ငွေ့ရည်သုံးမီးဖို ကိုသုံးရမှာကြောက်တယ်၊ ပေါက်ကွဲတတ်တယ်လို့ ပြောလို့လေ၊ အခုလိုသင်တန်းပေးတော့သုံးရမှာမကြောက်တော့ဘူး၊ ကျမတို့လိုကလေးငယ်လေးရှိတဲ့အမေတွေအတွက်လည်း အရမ်း အဆင်ပြေပါတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုပြောချင်တာက ကျွန်မတို့အိမ်နီးချင်းတွေလည်း မီးဖိုလိုချင်နေကြပါ တယ်” ဟု ပြောကြားခဲ့သည်။